Monday, January 16, 2012

ပြည် အောင်လံ သရက်

၁၃ရက် ၊သောကြာ ညနေ ၇ နာရီခန့်။

သရက်ကို သွားပြီး ကိုမင်းကိုနိုင်လွတ်မြောက်တဲ့ သတင်း သွားယူနိုင်မလားတဲ့။ ဟုတ်ကဲ့ အခုသွားလိုက်ပါမယ်ဆိုပြီး ကင်မရာအိတ်ထဲကို ပစ္စည်းတွေ စစ်ပြီး ထည့်။ အောင်မင်္ဂလာ အဝေးပြေးကို တက္ကစီနဲ့ ပြေးပါတယ်။ တက္ကစီမောင်းတဲ့သူက ကားတွေ ၁၀ နာရီလောက် အထိ ရှိပါတယ်တဲ့။ သူ့အသိ အဝေးပြေးက တစ်ယောက်ကို ကျွန်တော် ဖုန်းဆက်မေးကြည့်တော့ ၈ နာရီဆို မရှိတော့ဘူးတဲ့။ တက္ကစီမောင်းတဲ့သူက သူလိုက်ပို့ရမလားတဲ့ တစ်ရက်ကို ပုံမှန် ၄ သောင်းခွဲယူတာ။ အကို့ကို ၄ သောင်းပဲ ယူပါ့မယ်တဲ့။ ဒီနေ့က တစ်နေကုန်လည်း မယူထားဘူး။ ညဘက်မှ စယူတာဆိုတော့ မနက်ဖြန် ပြန်လာမယ်ဆိုရင် ၇ သောင်းပဲ ယူပါ့မယ်တဲ့။ ဒါပေမယ့် သေချာအောင် အဝေးပြေးကို အရင်သွားဖြစ်ပါတယ်။

အဝေးပြေးကိုရောက်တော့ ပြည်ကားတွေ တစ်စီးမှ မရှိတော့ပါ။ ချောက်မြို့ဘက်ကို သွားတဲ့ကားကို မေးကြည့်တော့လည်း ပြည်လမ်းက မသွားပါတဲ့။ အဲဒါနဲ့ ကားငှားပြီး သွားရမလို ဖြစ်နေတုန်း ပြည်ကား တစ်စီး ရှိတယ်ဆိုလို့ အမြန်ပြေးပါတယ်။ ကားခ ၄၅၀၀၊ ကားရှာပေးတဲ့သူကို လဘက်ရည်ဖိုး ၅၀၀။ ပြည်ကားပေါ်ရောက်ပြီဆိုမှ စိတ်နည်းနည်း အေးရပါတယ်။ အဲဒီအချိန်မှ အချိန်က ည ၉ နာရီ ရှိပါပြီ။

လက်ပံတန်း စားသောက်ဆိုင်မှာ နားတော့ တခြားကားနဲ့ လိုက်လာတဲ့ ကိုသူရမျိုးတို့နဲ့ တွေ့ပါတယ်။ အခြားအဖွဲ့တွေလည်း ကားငှားပြီး လာတဲ့သူကလာ၊ ကုန်ကားနဲ့ လိုက်တဲ့သူက လိုက်။ လာနေကြတယ် ပြောပါတယ်။ ဒါနဲ့ ပြည်မှာ ဆုံမယ်။ အောင်လံကို အတူဆက်သွားကြမယ်ဆိုပြီး ဖုန်းနံပတ်တွေယူ၊ ချိန်းထားလိုက်ပါတယ်။

ပြည်ကို ဝင်ခါနီးမှာ ကိုသူရမျိုးက ဖုန်းဆက်ပါတယ်။ သူတို့ကားက ပြည်ရောက်လို့ အောင်လံသွားမယ့်ကားကို အချိန်ဆွဲပြီး စောင့်ခိုင်းထားပါတယ်တဲ့။ ကျွန်တော်စီးလာတဲ့ကားက ပြည်အဝင်မှာ အရှိန်လျှော့လိုက်လို့ ထင်ပါတယ်။ သူတို့ကားက ကျော်သွားတယ်။ ခဏနေတော့ ဖုန်းထပ်ဆက်တယ်။ အောင်လံကားက မစောင့်နိုင်တော့ဘူးဆိုပြီး ထွက်သွားလို့ လိုက်သွားပါပြီတဲ့။ အဲဒီအချိန်မှာမှ ကျွန်တော်က ပြည်ကားဂိတ်ကို ရောက်ပါတယ်။ ည ၂ နာရီလောက်ပေါ့။

ကိုသူရမျိုးက ဖုန်းထပ်ဆက်တယ်။ ကားက ခဏရပ်ပြီး ကျန်းမာရေး အချိန်ပေးထားတယ်တဲ့။ ဆိုင်ကယ်ငှားပြီး လိုက်ခဲ့ပါတဲ့။ ဒါနဲ့ ဆိုင်ကယ်အမြန်ဆုံး မောင်းနိုင်တဲ့သူ(ဂိတ်က လူတွေ ပြောလိုက်တာပဲ)ကို ငှားပြီး လိုက်ပါတယ်။ နောက်ကားက မနက် ၅ နာရီလောက်မှ ထွက်မှာဆိုတော့ ဒီကားလွတ်လို့ မရဘူးလေ။ မောင်းတဲ့သူက တော်ပါတယ်။ အရှိန်အရမ်းမြန်တာရော ရာသီဥတုနဲ့ အေးစက်နေတဲ့ လေတွေကြောင့် လူက တုန်နေပါတယ်။ အောင်လံကားကို မမီတော့ဘူးလို့ ထင်တဲ့အချိန်မှာ ရပ်ထားတဲ့ကားကို လှမ်းမြင်လိုက်ရလို့ တော်တော် ပျော်သွားပါတယ်။ ကားပေါ်ရောက်မှ စိတ်နည်းနည်း သက်သာသွားရတယ်။ ကားကို ဂိတ်မှာရော လမ်းမှာပါ အချိန်ဆွဲပေးထားတဲ့ ကိုသူရမျိုးကို ကျေးဇူးတင်ပါတယ်ဗျာ။

သရက်ကူးတို့ဆိပ်
အောင်လံကိုရောက်တော့ မနက် ၅ နာရီလောက်ရှိပြီပေါ့။ အေးစက်နေတဲ့လေတွေနဲ့ ထပ်တွေ့ပါတယ်။ စက်လှေ ခေါင်မိုးပေါ်မှာပါ။ အနွေးထည်မပါပါ။ မပါဆို အနွေးထည်ကောင်းကောင်းကို မရှိတာ။ ရန်ကုန်က ချမ်းမှ မချမ်းတာ။(အခုတော့ ချမ်းနေပြီ)


ဆီကော်(fb အထာတွေ)

သရက်မှာ ဆီကော်ဆိုတဲ့ ဆီချက်ခေါက်ဆွဲနဲ့ ကော်ရည်ရောထားတာ စားပါတယ်။ တစ်ပွဲ ၃၀၀ ပါ။ စားလို့ ကောင်းပါတယ်။ နွားနို့တိုင်ကီ တစ်ခွက်နဲ့ အီကြာကွေး တစ်ချောင်းလည်း ဆွဲလိုက်ပါသေးတယ်။ ဘယ်အချိန်ထိ မစားမသောက်ပဲ နေရမယ်ဆိုတာ မသိနိုင်ဘူးလေ။

Tha Yet Myo 1869 Central Jail

၈နာရီ လွှတ်မယ်၊ တော်ကြာ ၈ နာရီခွဲလွှတ်မယ်ဆိုပြီး မနက် ၆ နာရီလောက်ကနေ စောင့်မျှော်နေကြတာ ၁၀ နာရီမှာ ကိုမင်းကိုနိုင် ထွက်လာပါတယ်။


  
လွတ်မြောက်လာပါပြီ


  
ကိုမင်းကိုနိုင်


သတ္တဌာန ဘုရားနဲ့ ဆုတောင်းပြည့်ဘုရားကို သွားဖူးပါတယ်။ မီဒီယာတွေ မေးတာ မြန်းတာကို သွားရင်းနဲ့ ဖြေရပါတယ်။ အဲဒီလို ဖြေရင်းနဲ့ သရက်မြို့လူထုကို နှုတ်ဆက်ပါတယ်။

သရက်က အောင်လံအပြန်


အောင်လံကူးတို့ဆိပ်က ကြိုနေတဲ့ လူထု

သရက်၊ အောင်လံ၊ ပြည်မြို့အားလုံးမှာ လှိုက်လှိုက်လှဲလှဲ  ကြိုဆိုနှုတ်ဆက်သူတွေ အများကြီးပါပဲ။ ပြည်မြို့မှာ ညဘက် လူတွေကို နှုတ်ဆက်စကားပြောနေတဲ့ ကိုမင်းကိုနိုင်ကို ဆိုင်ကယ်တွေ ကြားထဲ ဓာတ်ပုံဝင်ရိုက်ရင်း ဆိုင်ကယ်အိပ်ဇောအပူနဲ့ထိမိတဲ့ ခြေသလုံးက ဒဏ်ရာလေး အမှတ်တရယူပြီး၁၀ နာရီခွဲလောက်မှာ ပြည်၊ အောင်လံ၊ သရက် ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါကြောင်း မှတ်တမ်းလေး ရေးလိုက်ပါတယ်ခင်ဗျာ။




Sunday, September 18, 2011

Nikon D90 Service Manual

Nikon D90 အတွက် Service Manual ပါ။ Service Manual ဆိုတဲ့အတိုင်း User Manual မဟုတ်ပါဘူး။ Service လုပ်ဖို့အတွက် အဓိက ရည်ရွယ်ပါတယ်။ ကျွန်တော်တော့ မလုပ်တတ်ပါဘူး။ အသုံးလိုရင် ရှာရခက်လို့ Mediafire နဲ့ ပြန်တင်ပေးထားပါတယ်။ မူရင်းဖိုင်ကို တွေ့တဲ့ site က download အရမ်းခက်လို့ပါ။

Click here to download [Mediafire]


Thursday, October 14, 2010

Photo Contest and Exhibition by MMC and MPS


မြန်မာ့ခရီးသွားမြှင့်တင်ရေးကော်မတီိနဲ့ မြန်မာနိုင်ငံဓာတ်ပုံအသင်းတို့ စီစဉ်တဲ့ ဓာတ်ပုံပြိုင်ပွဲ၊ ပြပွဲအကြောင်း ရှင်းလင်းပွဲ ၁၅ ရက် အောက်တိုဘာ ၂၀၁၀ ညနေ ၄ နာရီမှ ၆ နာရီအထိမှာ ပုဂံခန်းမ၊ ကုန်သည်ကြီးများဟိုတယ်မှာ ပြုလုပ်ပါမယ်ဆိုတဲ့အကြောင်း...။


Wednesday, October 6, 2010

Photo Exhibition : The Life of Others





ဓါတ်ပုံပြပွဲတွေ ပြသနေကြပေမယ့် News and Documentary Photo တွေ ပြသမှု နည်းပါးနေတဲ့အတွက် သူတို့ ဝါသနာပါတဲ့ News and Documenatry ကို ကြိုးစားပြသသွားပါမယ်လို့ ဒီနေ့ City Star Hotel က စာနယ်ဇင်းရှင်းလင်းပွဲမှာ ကိုကောင်းထက်နဲ့ ကိုစိုးဇေယျက ပြောပါတယ်။

Photo Journalist နှစ်ယောက်ဖြစ်တဲ့ ကိုကောင်းထက်နဲ့ ကိုစိုးဇေယျထွန်းတို့ရဲ့ ပထမဦးဆုံး The Life of Others လို့ အမည်ပေးထားတဲ့ News and Documentary Photo Exhibition ကို အမှတ် (၇)၊ မဟာစည်သာသနာ့ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်မှာ ရှိတဲ့ တကောင်းခန်းမမှာ အောက်တိုဘာလ ၁၄ ရက်နေ့က၁၈ ရက်နေ့အထိ ပြသရောင်းချ သွားမယ်လို့ ကိုကောင်းထက်နဲ့ ကိုစိုးဇေယျတို့က ပြောသွားပါတယ်။

ဓါတ်ပုံအရွယ်အစား ၁၈" x ၂၄" ရှိတဲ့ မြန်မာနိုင်ငံအဝှမ်း နေရာဒေသအသီးသီးက သတင်းနဲ့ မှတ်တမ်းဆိုင်ရာ ဓါတ်ပုံပေါင်း ၆၀ မှ ၇၀ အတွင်းကို ပြသသွားပါမယ်။ သတင်းဓါတ်ပုံပညာကို စိတ်ဝင်စားတဲ့သူများ သွားရောက်ကြည့်ရှုလေ့လာဖို့ လက်တို့လိုက်ပါတယ်ခင်ဗျာ။

အစစ အရာရာ အဆင်ပြေကြပါစေ။

Wednesday, September 1, 2010

3108-Blog Day

31 08 က Blog Day ပါ။ Blog Day က ဘယ်လို သတ်မှတ်ပြီး ဘာတွေ လုပ်ကြတယ်ဆိုတာ အပျင်းကြီးပြီး မရေးတော့ဘူး။ ထူးတေဇာရဲ့ Blog Day 2010 ဆိုတဲ့ Post မှာ ဖတ်လိုက်ကြပါခင်ဗျာ။ ကျွန်တော်တို့ဆီမှာ Blog Day နဲ့ပတ်သတ်ပြီးတော့ အမှတ်ရစရာလေးတွေ အများကြီးပါ။ Blog Day နဲ့ပတ်သတ်ပြီး အခုချိန်ထိ ခင်မင်လာတဲ့ Blogger သူငယ်ချင်းမိတ်ဆွေတွေဆိုတာ အများကြီးပဲ။ အရင်တုန်းက Online မှာ ခင်မင်နေတဲ့ သူငယ်ချင်းတွေ အပြင်မှာပါ တွေ့ပြီး လုပ်ဖြစ်ခဲ့တဲ့ လူမှုရေးလုပ်ငန်းတွေ၊ နည်းပညာဟောပြောပွဲတွေ၊ စကားဝိုင်းတွေ၊ နောက်ဆုံး Barcamp အထိ တော်တော်လေး လုပ်ဖြစ်ခဲ့ကြတယ်။

တကယ်က Blog တစ်ခုဆိုတာ ရေရှည်ရေးဖို့ မလွယ်ပါဘူး။ ရေးနေတဲ့သူတွေကို တကယ်လေးစားပါတယ်။ ဟိုးအရင်ကနေ အခုချိန်ထိ ရေးစရာအကြောင်းအရာ ရှိနေတာတောင် ကျွန်တော်ကတော့ မရေးဖြစ်တာ များပါတယ်။ Draft ထဲမှာ သိမ်းထားတယ်။ Note Pad ထဲမှာ သိမ်းထားတယ်။ စိတ်ကူးထဲမှာ ရေးလိုက် ဖျက်လိုက် လုပ်နေတယ်။ ဒီလိုနဲ့ မရေးဖြစ်တော့ပါ။ ပြီးတော့ ကျွန်တော့်ထက် ရေးတတ်တဲ့သူတွေ ရေးနိုင်တဲ့သူတွေကို လိုက်ဖတ်နေရတာနဲ့တင် ရေးဖို့ အချိန်မရှိတာလည်း ပါပါတယ်။

Blog Day မှာ မရေးတာကြာတဲ့ ကိုယ့် Blog ကို ဝင်ကြည့်တာပါ။ စာမရေးဖြစ်ရင်တောင် ပုံတွေတော့ တင်ဖြစ်မယ်ထင်ပါတယ်ခင်ဗျာ။

အစစ အရာရာ အဆင်ပြေကြပါစေ။

Tuesday, August 24, 2010

အိပ်မပျော်လို့ သောက်တဲ့ ကော်ဖီ


လာဗျာ ထိုင်
အဖော်ဆိုတာ အခြေအနေပေါ် မူတည်ပါတယ်

သွားရင်းလာရင်း
လမ်းပေါ်လေလွင့်နေတဲ့
အိပ်ချင်စိတ်များ တွေ့ရင်

ကျွန်တော် ကော်ဖီသောက်နေတယ်
ပြောပေးပါဗျာ။

Monday, May 17, 2010

ဒီတစ်ကြိမ် ဒီနွေ

အဝါရောင်လမ်းကလေးထဲက ကိုခင်မောင်တိုးကြီးရဲ့ သီချင်းလေ။ ...ဒီတစ်ကြိမ်ဒီနွေ လောင်ကျွမ်းလွန်းလှလို့ နေဆယ်စင်းအပြိုင် ထွန်းပသလိုကွယ်... ဂစ်တာလေးနဲ့ ဆိုလို့ကောင်းတာပေါ့။ အခုတော့ မဆိုချင်တော့ဘူး။ ပူလိုက်တဲ့ ရာသီဥတု။ တစ်ကိုယ်လုံး မိတ်တွေနဲ့။ ယားလိုက် စပ်လိုက်တာ။

ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ကြီးကို ရောက်တော့ ဒီနှစ် တောင်ကြီးမှာ အပူဆုံးပဲတဲ့။ အရင်က AirCon မလိုဘဲ ဖွင့်ထားတဲ့ ကွန်ပျူတာတွေ ပူလို့ ပျက်ကြတယ်တဲ့။


အပူဆုံးနှစ်လို့ ပြောတဲ့ တောင်ကြီး

မြန်မာပြည် နေရာဒေသတော်တော်များများမှာလည်း ရေကန်တွေခန်း၊ သောက်ရေသုံးရေတွေ အခက်အခဲ ဖြစ်ကြတယ်တဲ့။


မရှိမဖြစ် ရေ


ရေလည်းခန်း ကြာလည်းနွမ်း <ဒလက ရေကန်တစ်ခု>


ရေသယ်တဲ့ကား

ရေရဖို့ တန်းစီ

မီးမီးလည်း နိုင်သလောက်သယ်တယ်

ရေရဖို့ ချွေး



ရေသယ် ယောင်္ကျားများ (ရေသယ်တဲ့ ယောင်္ကျား)



မနေ့က <16-may-2010> မှာ ကိုစိုးဇေယျက အလှူရှင်အများအပြားရဲ့ စေတနာနဲ့ လှူဒါန်းတဲ့ သောက်ရေသန့်တွေကို ဒလဘက်မှာ သွားလှူကြမယ်ဆိုလို့ လုပ်အားပေးလိုက်သွားခဲ့ပါတယ်။



ပူလိုက်တဲ့နေ ဆိုတာတော့ မပြောပါနဲ့တော့။ မျက်နှာတွေ၊ လက်တွေ နေနဲ့ တိုက်ရိုက်ထိတဲ့ နေရာတွေမှန်သမျှ စပ်ဖျင်းကုန်တယ်။ အဖုတွေ ချက်ချင်းထွက်လာတယ်။ ဒလက နေရာနှစ်ခုမှာ ရေသန့်လှူတဲ့ လုပ်အားပေးခဲ့တယ်။ ရွာလား၊ ရပ်ကွက်လား သေချာ မသိလို့ အတိအကျတော့ မပြောတတ်ဘူးဗျ။ နံပါတ်တွေနဲ့ တပ်ခေါ်တယ်ထင်တယ်။ မမှတ်မိတော့ပါ။

ရန်ကုန်ကို တစ်ခေါက်ပြန်ပြီး ရေသန့်ဗူးတွေ သွားသယ်ရသေးတယ်။ ဝါးတန်း ဆိပ်ကမ်းကနေ မြကျွန်းသာ (Sedona Hotel အနား)မှာ သွားသယ်တာပါ။ ဖိုးသူတော်ကိုတောင် ပြောဖြစ်သေးတယ်။ မနေ့က ညက Sedona Hotel မှာ လုပ်တဲ့ မမီးလေးရဲ့ မင်္ဂလာဆောင်ကို ကျော့ကျော့လေး လာစား၊ ဒီနေ့နေ့လည် မှာတော့ ဒီ Sedona Hotel ရှေ့နားမှာပဲ ပူပြင်းတဲ့နေအောက်က ရေသန့်သယ်တဲ့ အမိုးမပါ ဘာမပါ ကားကြီးနဲ့ ရေသန့်တွေ လာသယ်။ အဖြစ်အပျက်တွေက အဲလို။

မနေ့က ညက ၇ နာရီလောက်က သောကြာကြယ်က လကို ဖောက်တယ်တဲ့။ လူကြီးသူမတွေ အပြောအရ သောကြာကြယ်ကြီး လကိုနီး ပြည်ကြီး ပျက်လတ္တံ့ဆိုလား။ ပျက်ရအောင် တို့ပြည်ကြီးက နဂိုကတည်းက အင်းး နဂိုကတည်းက (မပျက်နိုင်တဲ့ ပြည်ကြီး)လို့ ပြောမလို့ပါ။

အခု ဒီ Post လေး ရေးနေရင်းပဲ ရန်ကုန်မှာ မိုးတွေ ရွာနေပြီ။ အပူကနေ ရုတ်တရက် အေးသွားတော့ တစ်မျိုး စိုးရိမ်ရပြန်ရော။ မစို့မပို့လေးတော့ မရွာပါနဲ့ဗျာ။ မုန်တိုင်းကျလောက်အောင်လည်း မသည်းပါနဲ့။ ကြောက်နေရတယ်။

ရေ ဘာကြောင့်မရ၊ မိုးဘာကြောင့်မရွာ၊ ရာသီဥတု ဘာကြောင့်ပူ၊ အဲဒါတွေ သိဖို့ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူဖြစ်မှလား။ Online/Offline မီဒီယာတွေမှာ ပါတတ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ သတင်း၊ ဆောင်းပါးတွေကို ကျော်ဖတ်ကြသလား။ လူတိုင်း လုပ်နိုင်သလား။ ကျွမ်းကျင်သူ၊ ပိုက်ဆံရှိသူတွေပဲ လုပ်နိုင်တဲ့ အလုပ်တွေလား။ အလှူတွေက အမြဲတမ်းအတွက် ရေရှည်အတွက် ဖြေရှင်းချက်မဟုတ်တော့ ဘာတွေကို ဘယ်လိုကာကွယ်ကြရမှာလဲ။ Do and Don't တွေက ဘာတွေလဲ။

မီးပျက်တော့မယ်ထင်တယ်။ Bye

အစစ အရာရာ အဆင်ပြေကြပါစေခင်ဗျား။